မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းတွင် ယနေ့ ဇွန် ၂ ရက်နံနက်အစောပိုင်း ၃ နာရီခွဲခန့်က အဝေးပြေးခရီးသည်တင်(Express)ကား တိမ်းမှောက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၄/ ၃ နှင့် ၁၄/၄ ကြားတွင် အဝေးပြေးခရီးသည်တင်(Express)ကားတိမ်းမှောက်ခဲ့သဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ် မီးငြှိမ်းသတ်ယာဉ်၊ လူနာတင်ယာဉ်တို့နှင့်အတူမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
” ဖြစ်စဥ်မှာသေဆုံးသွားတဲ့ တစ်ချို့လူတွေဆိုရင် ကားအောက်မှာပိမိနေတဲ့အတွက် မြင်လို့တောင်မကောင်းတဲ့အနေအထားဖြစ်သွားတယ်။ ကားကိုပြန်ထောင်ပြီးမှထုတ်ယူခဲ့ရတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ဖြစ်စဥ်ကြောင့် (၆)ဦးမှာ ထိခိုက်ဒဏ်ရာများရ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး (၁၁)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းတို့မှ မိတ္ထီလာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။