မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ သဘာဝဓာတ်ငွေ့များတိုးတက်ထွက်ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ခေတ်မီနည်းပညာများအသုံးပြု၍ မအူပင် (တောင်) တွင်းအမှတ် (၁၄) ရှိ ပါးလွှာသဲကြောများအား သေချာစွာသုတေသနပြုဆန်းစစ်ပြီးဖောက်ယူထုတ်လုပ်ခဲ့ရာ ဧပြီ ၂၈ ရက်၌ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ (၂) သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် တို-က်ရို-က်ပေးပို့ဖြန့်ဖြူးလျက်ရှိသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစတင်ကာ အဖျောက်နှင့် မအူပင်ဒေသရှိ ပါးလွှာသဲကြောများကို အဓိကထားရှာဖွေဖော်ထုတ်ခဲ့ပြီး ရရှိလာသောဓာတ်ငွေ့များကို CNG သုံးမော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် စက်မှုဇုန်ရှိ စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည် (LPG) ထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတို့တွင် ထိရောက်စွာအသုံးပြုလျက်ရှိသည်။
မအူပင် (တောင်) ရေနံမြေမှ ဓာတ်ငွေ့တိုးတက်ထွက်ရှိလာခြင်းကြောင့် ပြည်တွင်းရင်းမြစ်များမှ ဓာတ်ငွေ့ပိုမိုရရှိလာ၍ ပြည်ပမှတင်သွင်းနေရသည့် စွမ်းအင်သွင်းကုန်များအတွက်အသုံးပြုရမည့် နိုင်ငံခြားငွေလျှော့ချနိုင်ခြင်း၊ လျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြင့် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန် အထောက်အကူပြုခြင်း အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
ထို့ပြင် ဓာတ်မြေဩဇာစက်ရုံများနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက်လိုအပ်သော ကုန်ကြမ်းနှင့် စွမ်းအင်ကို သက်သာသောဈေးနှုန်းဖြင့်ပံ့ပိုးပေးနိုင်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍအရှိန်အဟုန်မြှင့်တင်ပေးနိုင်ခြင်း၊ ပါးလွှာသဲကြောများမှ ဓာတ်ငွေ့ထုတ်ယူနိုင်ခြင်းသည် မြန်မာ့ရေနံပညာရှင်များ၏ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုကိုပြသရာရောက်ပြီး နောင်တွင်ကျန်ရှိနေသော ကုန်းတွင်းရေနံတွင်းဟောင်းများမှလည်း ထပ်မံဖော်ထုတ်နိုင်မည့်လမ်းစကောင်းတစ်ခုဖြစ်လာနိုင်ခြင်း အကျိုးကျေးဇူးများလည်းရရှိမည်ဖြစ်သည်။
