မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာတို့ဖြင့် ဆင်ယင်ကျင်းပလျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ မဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုဆင်ယင်ကျင်းပခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၃ ရက်ညနေပိုင်းတွင် ဆွမ်းတော်ကြီးတင် ဆက်ကပ်လှူဒါန်းပွဲ၊ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များက ဘုရားကြီးအားအနေက ဇာတင်တော်မူသွားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မနက်ဖြန် ဒီဇင်ဘာ ၄ ရက် (နတ်တော်လပြည့်နေ့) နေ့လည် ၃ နာရီ၌ ဘုရားကြီးပရိဝုဏ်အတွင်း ဘုရားအမှူးပြုသည့် ဆရာတော်၊ သံဃာတော် (၅၅) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သွားမည်ဖြစ်၍ လာရောက်လောင်းလှူနိုင်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားသည်။
ထိုသို့ လောင်းလှူပူဇော်ရာ၌ အလှူရှင်များအတွက်နေရာထိုင်ခင်းစီစဉ်ပေးနိုင်ရန် ဂေါပကအဖွဲ့ထံသို့ကြိုတင် အကြောင်းကြားပေးပါရန်လည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။
