မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင်၌ “အားမာန်သစ်”စက်လှေပေါ်မှ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁) နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ်(၃၁)အိတ်ဖြင့်ထည့်ထားသောI CE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ဧပြီ ၂၇ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် (၁၈၀)ခန့်အကွာပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း (၅၄)နှစ်၊ ခန့်ဇင်သန့်(၃၈)နှစ်၊ ဖြိုးသူဝင်း(၂၄)နှစ်၊ ဥက္ကာမင်းမောင်(၂၀)နှစ်၊ အောင်သူထိုက်(၃၁)နှစ်၊ သက်ပိုင်ဦး(၂၂)နှစ်၊ မင်းခန့်ကျော်(၂၀)နှစ်၊ ဇော်လင်း (၂၂)နှစ်၊ ကျော်သူနိုင်(၃၅)နှစ်၊ အောင်သူ (၃၄)နှစ်၊ တင်ဌေး(၆၅)နှစ်တို့အား ပီနံအိတ်(၂၂၀) အိတ်ဖြင့်ထည့်ထားသည့် ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများတင်ဆောင်ပေးခဲ့သည့် ချစ်ဆန်းကို(၄၄)နှစ်ကိုလည်း ဖျာပုံမြို့ရှိ “အောင်သရဖူ” KTV ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၂၇ ရက်ညနေပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသည့် AA အဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်(၃၄) နှစ်နှင့်အတူ ကျော်မင်းသန်း(ခ)မောင်လုံး(၃၆)နှစ်၊ အောင်မိုးဝင်း(ခ)ဝင်းခိုင်(၄၅)နှစ်၊ ပြည့်စုံ(ခ)နွားကြီး(၃၅)နှစ်တို့အား ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ မေ ၁ ရက်နံနက်ပိုင်းတွင် နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်၊ AA အဖွဲ့မှထောက်ပံ့ရေးအဖွဲ့ဝင်များဖြစ်သော ပိုင်ပိုင်ထွေး(ခ)အောင်နိုင်ထွေး(ခ) အောင်နိုင်သူ(ခ)ပိုင်ပိုင်(၂၆)နှစ်၊ နော်နော်(၂၄)နှစ်၊ ကိုကိုဦး(၅၈)နှစ်၊ မေ ၆ ရက်ညနေပိုင်းတွင် ကောင်းမြတ်သူ(၂၅)နှစ်၊ မေ ၁၁ ရက်ညနေပိုင်းတွင် AA အဖွဲ့မှ ထောက်ပံ့ရေးဒု-တာဝန်ခံ နေမြင့်ထွန်း(ခ)ပြည့်စုံ(ခ)လူကြီး(၄၁)နှစ်အား ပီနံအိတ် ၃၂ အိတ်အတွင်း ထည့်သွင်းသိုဝှက်ထားသည့် ကတ်တမင်း(၁,၀၀၀)ကီလိုဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၂၆)ဦးအား ငွေကျပ် (၂၈၂ ဒသမ ၃၂၅)ဘီလီယံခန့်တန်ဖိုးရှိ ICE ၄,၀၉၃ ကီလိုဂရမ်၊ ကတ်တမင်း ၃,၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်ရှိသော ကိုစိုင်း၊ ကိုတရုတ်(ခ)စိုင်းအောင်လူတို့ထံမှ ဝယ်ယူ၍ မလေးရှားနိုင်ငံသို့ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။