မလေးရှားနိုင်ငံသည် ကလေးများအပေါ် အွန်လိုင်းမှ ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ရန်အတွက် အသက် ၁၆ နှစ်အောက်ကလေးများအတွက် ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ပင်သွားရန် စီစဉ်ထားပြီး အလားတူနှိမ်နင်းမှုမျိုးကိုလည်း ပြုလုပ်နေသည့် သြစတြေးလျနိုင်ငံ၏ လမ်းစဉ်အတိုင်းလိုက်ခဲ့သည်။
မလေးရှားနိုင်ငံသည် စိစစ်အတည်ပြုခြင်းဆိုင်ရာ စည်းမျဉ်းသစ်များဖြင့် အရွယ်မရောက်သေးသူများအတွက် အွန်လိုင်းဘေးကင်းလုံခြုံရေးကို ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီဖက်ဒ်ဇီးလ်ကို ကိုးကား၍ သည်စတားသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
မလေးရှား အနေဖြင့် ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် စတင်မည့် သြစတြေးလျ၏ အသက် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာပိတ်ပင်မှု အစီအစဉ်မှ ထွက်ပေါ်လာသည့်အခြေအနေများကို စောင့်ကြည့်သွားမည်ဟု ဖာမီက တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
အောက်တိုဘာလအတွင်းက မလေးရှားအစိုးရအဖွဲ့သည် ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ အနိမ့်ဆုံးအသက်အရွယ်ကို မူလက ၁၃ နှစ်သတ်မှတ်ထားရာမှ ၁၆ နှစ်သို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ စီစဉ်ထားသော အစီအမံသည် ဇန်နဝါရီလ ၁ ရက်နေ့တွင်ညစတင် အာဏာတည်မည့် အွန်လိုင်းဘေးကင်းလုံခြုံရေးအက်ဥပဒေ အကာအကွယ်များနှင့်လည်း ကိုက်ညီမှုရှိကြောင်း ဖာမီက ပြောဆိုခဲ့သည်။
နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ဓားထိုးမှုတစ်ခုသည် လူကြိုက်များသည့် ဗီဒီယိုဂိမ်းနှင့် ဆက်စပ်နေသောကြောင့် တာဝန်ရှိသူများက အရေးယူဆောင်ရွက်ရန် စဉ်းစားနေချိန်တွင် ဂိမ်းကုမ္ပဏီ Roblox Corp က လုံခြုံရေးအစီအမံများကို မြှင့်တင်မည်ဟု ပြီးခဲ့သည့်လတွင် ကတိပြုခဲ့ပြီး မလေးရှားအစိုးရနှင့် ဒေတာများမျှဝေရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
