ပြီးခဲ့သည့်သီတင်းပတ်က ပီနန်ပြည်နယ် မူကာဟက်ဒေသအနောက်ဘက် ရေမိုင် ၂၄ မိုင်ခန့်အကွာတွင် သင်္ဘောတစ်စီးမှတစ်စီးသို့ တရားမဝင် ရေနံလွှဲပြောင်းမှုသံသယဖြင့် ရေနံတင်သင်္ဘောနှစ်စင်းကို ဖမ်းဆီးခဲ့ပြီး ရင်းဂစ် ၅၁၂ သန်း (ဒေါ်လာ ၁၂၉ ဒဿမ ၉ သန်း) တန်ဖိုးရှိသော ရေနံစိမ်းများကို သိမ်းယူခဲ့ကြောင်း မလေးရှားရေကြောင်းထန်းသိမ်းရေးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။
လွှဲပြောင်းခဲ့သည့် ရေနံများ၏ မူလဇာစ်မြစ်ကို ဌာနက ပြောကြားခဲ့ခြင်းမရှိပေ။
မလေးရှားကမ်းလွန်ရေပြင်သည် သင်္ဘောချင်း တရားမဝင် အချိန်းအပြောင်းလုပ်သည့် ပုံမှန်နေရာတစ်ခုအဖြစ် လူသိများပြီး သယ်ဆောင်လာသည့် ရေနံများ၏ မူလဇာစ်မြစ်ကို ကွယ်ဝှက်ရန်အတွက် ပင်လယ်ပြင်ရှိ ရေနံတင်သင်္ဘောများအကြား ရေနံလွှဲပြောင်းမှုများ ကိုပြုလုပ်လေ့ရှိသည်။
ယင်းလုပ်ရပ်များနှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးစေရန် စည်းမျဉ်းများကို ပိုမိုတင်းကြပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် မလေးရှားအာဏာပိုင်များက ပြောကြားခဲ့သည်။
ရင်းဂစ် ၇၁၈ သန်းတန်ဖိုးရှိသော သိမ်းဆည်းခဲ့သည့် ရေနံတင်သင်္ဘောများပေါ်တွင် တရုတ်၊ မြန်မာ၊ အီရန်၊ ပါကစ္စတန်နှင့် အိန္ဒိယ သင်္ဘောသား စုစုပေါင်း ၅၃ ဦးပါဝင်သည်။
သင်္ဘောများ၏ ကပ္ပတိန်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ပီနန်ပြည်နယ် ရေကြောင်းစုံစမ်းစစ်ဆေးရေးအရာရှိများကို လွှဲပြောင်းပေးခဲ့ကြောင်း ဌာနက ပြောကြားခဲ့သည်။
ကင်းလှည့်သင်္ဘောတစ်စင်းသည် ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် တိုင်ကြားချက်တစ်ခု ကို ရရှိခဲ့ပြီးနောက် ကျောက်ချထားသည့် သင်္ဘောများကို စစ်ဆေးခဲ့ကြောင်း ရေကြောင်းကပ္ပတိန် မိုဟာမက် ဆူဖီမိုဟာမက် ရမ်လီက ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောများကို ဒဏ်ငွေ ရင်းဂစ် ၁ သိန်းချမှတ်နိုင်သည့် ခွင့်ပြုချက်မရှိဘဲ ကျောက်ချရပ်နားမှု၊ သင်္ဘောတစ်စီးလျှင် ဒ-ဏ်ငွေ ရင်းဂစ် ၂ သိန်းအထိ ချမှတ်နိုင်သည့် သင်္ဘောအချင်းချင်း တရားမဝင် ဝန်စည်လွှဲပြောင်းမှုတို့ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ကပ္ပတိန်က ဆက်လက်ပြောကြားခဲ့သည်။
Ref: စီအင်န်အေ
