တာချီလိတ်မြို့တွင် ယနေ့ မေ(၂၄) ရက် နံနက်ပိုင်းအချိန်၌ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါလာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း -မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ အမှိုက်ရှင်းလင်းမှုကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြုလုပ်မည်ဖြစ်သဖြင့် နံနက် (၆)နာရီမှ နံနက် (၈)နာရီအထိ (၂) နာရီခန့်ကြာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုပြန်ဖွင့်လိုက်ပြီ၊ အမှိုက်တွေကိုဆယ် ယူတာက မကြာမကြာ ဒီလိုပဲလုပ်နေရတယ်။ မိုးရာသီရောက်ပြီဆို အမှိုက်ကြောင့် နှစ်နိုင်ငံရေကြီးရေလျှံဖြစ်တတ်လို့ ဒီလိုပဲ ညှိနှိုင်းပြီးရှင်းနေကြရတာပါ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
တံတားယာယီပိတ်ထားစဉ်အတွင်း မည်သည့်ယာဉ်နှင့် ခရီးသွားများလူများ ဖြန်သန်းခွင့်မပြုဘဲ ချောင်းအတွင်းမှ အမှိုက်ဆယ်ခြင်းလုပ်ငန်းစဉ် ပြီးမှသာ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ(၂၃)ရက် ၊ ည(၁၁)နာရီ အချိန်မှစ၍ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းရေမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ကြေတာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ထို့ပြင် ဒေသအခြေစိုက် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)တွင် မြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် (၂၄) နာရီအတွင်းရေ (၃)ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။