မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြိုနယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
အဆိုပါ ဘုရားပွဲတော်ကို ကျင်းပနိုင်ဖို့အတွက် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီး လာမည့် ဇန်နဝါရီလ ၂၂ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၈၆) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မနှစ်ကလည်း ဘုရားပွဲတော်ကို လာကြပါတယ်။ ထင်တာထက်တောင် ပိုများတယ်။ စိတ်အေးလက်အေးလာလို့ရပါတယ်။ ဒီမှာ ဘာမှမဖြစ်ပါဘူး။ အခုလည်း ဘုရားပွဲတော်ကျင်းပနိုင်ဖို့အတွက် စပြီးပြင်ဆင်စရာရှိတာတွေပြင်နေပါပြီ” ဟု ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူစ်းသို့ ပြောသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည်။
ယခုနှစ်တွင်လည်း မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
