ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုက်တွန်းထားသည်။
ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
မတ်လ (၂၈) ရက် မွန်းလွဲပိုင်း၌ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေး တက္ကသိုလ် ပင်မအဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့မှ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကို ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး လာမည့် ဇွန်လ (၁၆) ရက် မှ (၂၁) ရက်အထိ စာမေးပွဲ ပြန်လည်ကျင်းပ သွားမည်ဖြစ်သည်။
ယင်းကဲ့သို့ ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ၌ ပြန်လည်ဖြေဆိုခွင့်ပြုထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အားလုံးကို အဆင်ပြေချောမွေ့အောင်မြင်စွာဖြင့် ပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသွားသည်။