ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးနောက်ဆက်တွဲအဖြစ် ဧပြီ (၁၈) ရက် နံနက်ပိုင်းအထိ မြေငလျင်ပေါင်း (၁၄၂) ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အင်အားပြင်း ငလျင်ကြောင့် ေ-သဆုံးသူ ဦးရေ (၃၇၂၅) ဦး ရှိကာ ဒဏ်ရာရသူ (၅၁၀၆) ဦးနှင့် ပျောက်ဆုံးသူ (၁၂၉) ဦးရှိဆဲဖြစ်ကြောင်း နစက၏ ဧပြီ (၁၆) ရက် ညနေ (၆) နာရီ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ငလျင်ဘေးသင့် ပြည်သူ (၆၀၀၀၀) ကျော်မှာ လက်ရှိ အချိန်ထိ ယာယီခိုလှုံရာနေရာများ၌ နေထိုင်နေကြရကာ နောက်ဆက်တွဲ ငလျင်များကိုလည်း ကြုံတွေ့နေကြရသည်။
ငလျင်ကြီးကြောင့် မန္တလေးမြို့တစ်မြို့တည်း၌ပင် အပျက်အစီး တန် (၂)သန်းခွဲ၊ အကြမ်းဖျဉ်းအားဖြင့် ကုန်တင်ကား (၁၂၅,၀၀၀) စာခန့် ရှိပြီး ယင်း အပျက်အစီးများကို အရေးပေါ် ဖယ်ရှားရန် လိုအပ်နေဆဲ ဖြစ်ဟုလည်း သိရသည်။
ထို့အပြင် မန္တလေးမြို့တွင် ပြန်လည် ထူထောင်ရေးအတွက် နေအိမ်များ၊ ဆေးရုံများနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အရေးပါသည့် အဆောက်အအုံများ ချက်ချင်းပြန်လည် တည်ဆောက်ရန် လိုအပ်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား (၇.၇) အဆင့်ရှိ အင်းအားပြင်းငလျင်နှင့် ပတ်သက်၍ ထိုင်းမိုးလေဝသကထုတ်ပြန်သည့် ဧပြီလ (၁၇) ရက် နေ့လယ် (၃) နာရီအထိ နောက်ဆုံးရ အချက်အလက်များကို ဖော်ပြမှုတွင်မူ နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု အကြိမ်ရေ (၅၇၃) ကြိမ် ရှိပြီဟု ဖော်ပြထားသည်။
ယင်းနောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွင် ပြင်းအား (၁.ဝ) မှ (၂.၉) အဆင့် ငလျင် လှုပ်ခတ်မှု (၂၄၈) ကြိမ် ၊ ပြင်းအား (၃.ဝ) မှ (၃.၉) အထိ လှုပ်ခတ်မှု (၂၂၉) ကြိမ်၊ ပြင်းအား (၄. ဝ) မှ(၄.၉) အထိ (၈၀) ကြိမ်၊ ပြင်းအား (၅.ဝ) မှ (၅.၉) အထိ (၁၅) ကြိမ်နှင့် (၇.၀ (ဒုတိယငလျင်)) တစ်ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။