ပြီးခဲ့သော မတ်(၂၈)ရက်က စတင်လှုပ်ခတ်ခဲ့သည့် အင်အား (၇.၇) ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ မေလ (၃၀) ရက် အထိ ပြည်တွင်းနေရာစုံတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု (၁၈၄)ကြိမ် ရှိလာခဲ့ပြီဖြစ်သည်။
ယခု မေလတစ်လတည်းအတွင်း၌ပင် အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိသည့် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ကြိမ်ရေပေါင်း (၃၃) ကြိမ်ရှိနေပြီး တစ်ရက်တည်းတွင် (၃) ကြိမ်လှုပ်ခတ်မှုအထိ ရှိသည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ယနေ့ မေလ (၃၀) ရက်တွင်လည်း သံတောင်ကြီးမြို့၏ အနောက်မြောက်ဘက် (၁၀) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အနက်(၁၀) ကီလိုမီတာအကွာ၌ အင်အားပမာဏ (၃.၀) ရစ်(ခ်) တာစကေး အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သေးသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃,၈၀၄)ဘီလီယံကျော်ရှိခဲ့ပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုတွင် ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရသည်။
နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက် (၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇) စု၊ လူဦးရေ(၅၀၆၀၆၉)ဦး ဘေးသင့်ခဲ့သည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။