နိုင်ငံခြားစာစစ်ဌာနအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ဇွန် ၉ ရက်(ယနေ့)နံနက် ၆ နာရီမှစတင်ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာစစ်ဌာနများတွင်ကပ်၍ ထုတ်ပြန်ပေးခဲ့သည်။
ထို့သို့ အောင်စာရင်းထုတ်ပြန်ပေးရာ၌ မန္တလေးဗဟိုအကျဥ်းထောင်မှ ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဥ်းသား၊အကျဥ်းသူ ၂၉ ဦးလုံး တက္ကသိုလ်ဝင်စာမေးပွဲအား ဂုဏ်ထူးများဖြင့်အောင်မြင်ခဲ့သဖြင့် ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။
မန္တလေးဗဟိုအကျဥ်းထောင်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၉ ဦးလုံးတွင် ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၃ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၄ ဦး(စုစုပေါင်း ၂၉ ဦး)တို့ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မန္တလေးတိုင်းအတွင်းမှ ကျောင်းသား၊ကျောင်းသူ ၂၂၀၆၉ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၆၀၁၈ ဦးရှိခဲ့ကြောင်း သိရသည်။


