မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။
“ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊ ရှာတဲ့လူများလာလို့ လုံခြုံရေးတွေနဲ့ အဲဒီနေရာတွေကို ထိန်းထားပိတ်ထားရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
ငလျင်ကြောင့် မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်များ၊ အထပ်မြင့်တိုက်များ ၊ ဟိုတယ်များ အပါအဝင် လူနေတိုက်တာ အဆောက်အဦး အများအပြားလည်း ပြိုကျခဲ့ရသည်။
ယင်းအဆောက်အဦများတွင်လည်း ချမ်းသာသူအများစုနေထိုင်သောကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းများလည်း အနည်းနှင့်အများ မြေစာပုံထဲတွင် ပါသွားတတ်သည်ဟု အထက်ပါ ဒေသခံကပင် ဆိုသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ပေးနေကြသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ယင်းနေရာများ၌ ရှင်းလင်းရေးဆောင်ရွက်ချိန် တွေ့ရှိရသည့် လက်ဝတ်ရတနာများ၊ ငွေသားများ၊ အဖိုးတန်အသုံးအဆောင်ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကိုပိုင်ရှင်များ၊ သက်ဆိုင်သူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးနေဆဲ ဖြစ်သည်။