မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၁ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိတိုက်တစ်လုံးတွင် ဧပြီ ၁၁ ရက်(ယနေ့)နံနက်အစောပိုင်း ၃ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ကုတင်၊မွေ့ယာနှင့်အိမ်သုံးပစ္စည်းအချို့မီးလောင်ပျက်စီးခဲ့ပြီးမီးသတ်တပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့ဝင်များကအိမ်အတွင်းစစ်ဆေးရာ နေအိမ်ပိုင်ရှင် ဒေါ်လေးကြည်(၅၀)နှစ် (မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒု-ညွှန်ကြားရေးမှူး)အား လည်ပင်းတွင် ဟင်းသီးဟင်းရွက်လှီးဓားထိုးစိုက်လျက် ဘယ်ဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ဘယ်နဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရသည်။
ထို့ပြင် အိမ်ဖော်အမျိုးသမီးဖြစ်သည့် မအေးသန္တာ(၃၈)နှစ်မှာလည်း သေဆုံးလျက်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။
“ကနဦး သုံးသပ်ချက်အရ အမျိုးသမီး ၂ ယောက်ကို အရင်သတ်ဖြတ်ပြီးတော့မှအိမ်ကိုပါမီးရှို့သွားတဲ့အနေအထားပါ ပျက်စီးဆုံးရှုံးမှုကတော့အများကြီးမရှိပါဘူး လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo-Ko Than Htay


