မန္တလေးမြို့တော်ကို သန့်ရှင်းသာယာလှပသော ခေတ်မီမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် စည်ပင်ယာယာရေးကော်မတီ နယ်နိမိတ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် ကျုးကျော်ဆောက်လုပ်ထားရှိမှုများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ စက်တင်ဘာ(၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ နေရာများတွင် ကျုးကျော်စုပုံတည်ခင်း ပစ္စည်းထားရှိခြင်း၊ ကျုးကျော်ဆောက်လုပ်ထားရှိခြင်း၊ ကျုးကျော်ရောင်းချခြင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၀၆(စ) အရ လည်း အများပြည်သူဆိုင်ရာလမ်း၊ ပလက်ဖောင်းများတွင် ကုန်ပစ္စည်းများထားခြင်း အဆောက်အုံများဆောက်လုပ်ခြင်းနှင့် ပစ္စည်းများရောင်းချခြင်း ခင်းကျင်းခြင်း များမပြုလုပ်ရန် တားမြစ်ချက်ကိုလိုက်နာရန်လည်း အသိပေးထားသည်။
ထို့ပြင် ပုဒ်မ ၁၀၉(စ) အရ မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း နံရံကပ်ဆိုင်ဖွင့်လှစ်ရောင်းချခြင်း၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန်လည်း ကြေညာချက်တွင် ထည့်သွင်း အသိပေးထားသည်။
တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။
