မတ်လ (၂၈) ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုမှာ ယနေ့ မေလ (၂၈) ရက်တွင် (၂) လပြည့်ပြီးဖြစ်သည်။
ယင်းကဲ့သို့ (၂) လပြည့်သည့်နေ့၌ပင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄)လမ်း၊ (၃၉)လမ်းနှင့် လမ်း (၄၀) ကြားရှိ ငလျင်ဒဏ်ထိ (၄)ထပ်တိုက်သည် ယနေ့ နံနက်ပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ (၄) ထပ်တိုက်ပြိုကျမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ခြေတောက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များနေသောကြောင့် မိုးရေကြောင့် ထပ်မံပြိုကျခြင်းဖြစ်ကြောင်း မြိူ့ခံများက မှတ်ချက်ပြုသည်။
မန္တလေးတွင် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးနောက်ဆက်တွဲဖြင့် ငလျင်ငယ်များလည်း နေ့စဉ်နီးပါးလှုပ်ရှားနေဆဲအခြေအနေဖြစ်သည်။
ပြီးခဲ့သည့် မေလ (၂၀)ရက် ညပိုင်းကလည်း မန္တလေးမြို့၌ပင် ညသန်းခေါင်အချိန် မိုးရွာသွန်းပြီးနောက် မဟာအောင်မြေမြို့နယ်၊ (၈၉)လမ်းရှိ ငလျင်ဒဏ်ထိ (၃)ထပ်ခွဲတိုက် ပြိုကျ၍ အနီးဝန်းကျင် နေထိုင်သူများ ရွှေ့ပြောင်းခဲ့ကြရသေးသည်။
ထိုနည်းတူ မေလ (၁၇)ရက်ကလည်း မိုးရွာ၊ ငလျင်လှုပ်ပြီးနောက် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ (၄၁)လမ်းနှင့် (၈၉) လမ်းထောင့်၊ အဘယာရာမ ရွှေဂူကျောင်းတိုက်ထဲရှိ ငလျင်ရှောင် တဲပေါ် သစ်ပင်ပြိုလဲပိ၍ သားအဖနှစ်ဦးအသက်ဆုံးရှုံးခဲ့ရသေးသည်။
