မက္ကဆီကို တောင်ပိုင်းတွင် စနေနေ့နံနက်အစောပိုင်း (သောကြာနေ့ည သန်းခေါင် ကျော်သန်းလွဲအချိန်)က ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့သည်ဟု Tabasco ပြည်နယ်အစိုးရက ပြောကြားသည်။
လူ ၄၈ ဦး လိုက်ပါခဲ့သည့် ဘတ်စ်ကားသည် ကုန်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကာ ခရီးသည် ၃၈ ဦးနှင့် ယာဉ်မောင်းနှစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ကုန်ကား ယာဉ်မောင်းဖြစ်သူလည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုသည်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ဘတ်စ်ကားသည် မီးစွဲလောင်ခဲ့ပြီး လုံးလုံး မီးကျွမ်းသွားခဲ့ကာ သံကိုယ်ထည်အတိုင်းသာ ကျန်ရစ်ခဲ့သည်ကို ရိုက်တာသတင်းဌာနက ဖော်ပြသော အခင်းဖြစ်ဓါတ်ပုံများတွင် တွေ့ရသည်။
လက်ရှိအထိ ဦးခေါင်းခွံ ၁၈ ခုကို အတည်ပြုထားနိုင်ပြီဖြစ်သော်လည်း ပျောက်ဆုံးနေသူများစွာ ရှိနေသေးကြောင်းနှင့် ရုပ်အလောင်းရှာဖွေမှုလုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အမည်မဖော်လိုသည့် Tabasco လုံခြုံရေးရင်းမြစ်များက ပြောဆိုခဲ့သည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အလွန်ဝမ်းနည်းကြေကွဲရကြောင်း ဘတ်စ်ကား အော်ပရေတာ Tours Acosta က ဖေ့စ်ဘုတ်ပို့တစ်ခုတွင် ပြောကြားခဲ့ပြီး ဖြစ်ပျက်ခဲ့သည့်အခြေအနေနှင့် ဘတ်စ်ကားသည် သတ်မှတ်မြန်နှုန်းအတွင်း မောင်းနှင်နေခဲ့ခြင်း ရှိ မရှိ သိရှိနိုင်ရန် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုခဲ့သည်။
Ref: စီအင်န်အင်န်
