နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ် ကသဝဏ်လွှာပေးပို့ရာတွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်ကိုကြားသိရ၍ ဝမ်းနည်းကြေကွဲမိကာ မြန်မာနိုင်ငံအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့သည့် အဖြစ်ဆိုးကြီးအတွက် မိမိမှအထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု ရေးသားထားသည်။
ယခုအဖြစ်ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကာ ဒဏ်ရာရရှိသူများအမြန်ပြန်လည်ကောင်းမွန်လာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း ရေးသားထားသည်။