ဘူရားတီးယား ပြည်နယ်၏ Rapid Bio ကုမ္မဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဆေးဝါးနည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများတင်သွင်းရန် မှတ်ပုံတင် နေသည်ဟု ဘူရားတီးယားပြည်နယ်၏အကြီးအကဲက ပြောသည်။
နစက ဥက္ကဋ္ဌအနေဖြင့် ဘူရားတီးယားပြည်နယ်သို့ (၃) ကြိမ်လာရောက်ခဲ့ခြင်းအတွက် မိမိအနေဖြင့်လွန်စွာဂုဏ်ယူဝမ်းမြောက်ရပြီး (၃)သုံးကြိမ်လာသည်ဆိုခြင်းမှာ မိမိတို့ပြည်နယ်အား မည်မျှအထိချစ်သည်ဆိုခြင်းကို ပြယုဂ်ဖြစ်သည်ဟုပြောသည်။
” ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အများကြီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် မှတ်ပုံတင်နေပါတယ်”ဟု ပြည်နယ်အကြီးအကဲက ပြောသည်။
ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊ ဝန်ကြီးချုပ်ကမ်းလှမ်းထားသော ပညာသင်ကြားရေးနှင့်ပတ်သက်သည့် ကမ်းလှမ်းချက်များ၊ ပညာရေးအတွက်ပူးပေါင်းဆောင်ရွက်မှုများလည်း မိမိတို့ကြားတွင်ရှိလိမ့်မည်ဖြစ်ကာ စိုက်ပျိုးရေးနှင့်ပတ်သက်သော လုပ်ငန်းများကိုလည်း ဆွေးနွေးဆောင်ရွက်သွားရန်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များစွာရှိသဖြင့် လုပ်ဆောင်ရမည့် နယ်ပယ်အများအပြားရှိသည်ဟု ပြောသည်။
” ကျွန်တော်အနေနဲ့ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကိုလိုက်ပြပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့သွားရောက်ခဲ့တာမှာလည်း မြန်မာနိုင်ငံက ကျွန်တော်တို့ကိုလှိုက်လှဲစွာကြိုဆိုခဲ့ပါတယ်”ဟု ပြည်နယ်အကြီးအကဲက ပြောသည်။
ထို့ကြောင့် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ သာယာလှပသော အလှတရားများ၊ ယဉ်ကျေးမှုများကို မိမိသာမကကိုယ်စားလှယ် အဖွဲ့ဝင်အားလုံးခံစားခဲ့ရသဖြင့် နှစ်နိုင်ငံအပြန်အလှန် ခရီးသွားကဏ္ဍမြှင့်တင်ရန် လျာထားစီစဉ်ထားသည်ဟု ၄င်းက ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌကလည်း ဘူရားတီးယား ပြည်နယ်၏ မီဒီယာအဖွဲ့များကိုလည်း မြန်မာနိုင်ငံသို့လာရောက်လေ့လာရန်ဖိတ်ခေါ်ခဲ့သည်။