သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်တုန်းက အမေရိကန်ကို ဝင်လာခဲ့တဲ့ ဒုက္ခသည်တွေကို အခုလက်ရှိ ထရမ့်အစိုးရအဖွဲ့က ပြန်ပြီး တွေ့ဆုံမေးမြန်းဖို့နဲ့ သူတို့ကိစ္စတွေကို ပြန်စစ်ဆေးဖို့ ပြင်ဆင်နေပြီလို့ ရုံးတွင်းမှတ်တမ်းတစ်စောင်အရ သိရပါတယ်။
ဘိုင်ဒင်အစိုးရဟာ အမေရိကန်ကို ဝင်လာသမျှလူတွေကို သေချာမစစ်ဆေးဘဲ နိုင်ငံထဲ ပေးဝင်ခဲ့တယ်လို့ ထရမ့်အစိုးအရအဖွဲ့က တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါကြောင့် အခု ထရမ့်လက်ထက်မှာ ဒုက္ခသည်အသစ် လက်ခံတာတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ တောင်အာဖရိကက လူဖြူတွေကိုတော့ လက်ခံနေဦးမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၁ ရက်စွဲနဲ့ ထွက်လာတဲ့ အဲဒီ ရုံးတွင်းမှတ်တမ်းအရ၊ United States Citizenship and Immigration Services/USCIS ဆိုတဲ့ အမေရိကန်ပြည်ထောင်စု လ.ဝက က ဒီစစ်ဆေးမှုတွေကို ဦးဆောင်လုပ်မှာဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု မရှိစေချင်လို့ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတဘိုင်ဒင်လက်ထက်ဖြစ်ခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ ဒီလို စိစစ်မှုတွေဖြတ်ပြီး ဝင်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ စုစုပေါင်း ၂ သိန်း ၃ သောင်းခွဲလောက် ရှိခဲ့ပြီး၊ အဲဒီလူတွေ အားလုံးလိုလိုကို ပြန်စစ်ဆေးမယ်လို့ဆိုပါတယ်။
အခု ပြန်လုပ်မယ့် စစ်ဆေးမှုတွေ၊ တွေ့ဆုံမေးမြန်းမှုတွေဟာ သူတို့ ဝင်လာတုန်းက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ပြန်စစ်မှာဖြစ်ပြီး၊ လိုအပ်ရင် ဒုက္ခသည်အဖြစ်ကိုပါ ဖျက်သိမ်းပိုင်ခွင့် ရှိပြီး အယူခံဝင်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။
ဒါတင်မက လက်ရှိ အမေရိကန်ပြည်ထောင်စုထဲ ရောက်နေပြီးသား ဒုက္ခသည်တွေအနေနဲ့ Green Card လျှောက်ဖို့ စောင့်နေတာတွေကိုလည်း ခေတ္တ ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်။
“လက်ရှိ ခိုလှုံခွင့်(Asylum) စနစ်ကြီးက ဟောင်းနွမ်းနေပြီး၊ အဲဒါကို လူတွေက အလွဲသုံးစား လုပ်နေကြတယ်။ တရားမဝင် ဝင်ရောက်မှုတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးနေသလို ဖြစ်နေတယ်” လို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ခရစ္စလန်ဒေါက ပြောပါတယ်။
