မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေသဖြင့် မြို့တွင်းနေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား ရေဘေးယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံနေသည့် မြို့တွင်းနေရာများ၌ နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ဘားအံမြို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခုဖွင့်လှစ်၍ ရေဘေးသင့်အိမ်ထောင်စု(၁,၀၉၅)စုမှ လူဦးရေ(၅,၁၁၄)ဦးကို ကူညီစောင့်ရှောက်ပေးထားပြီး ရေဘေးသင့်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ရေသန့်ဘူးများ၊ ဆီ၊ ကြက်ဥများထောက်ပံ့ပေးထားကာ ဘားအံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကလည်း ရေဘေးသင့်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
