ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။
ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း အများအပြားတွေ့မြင်လာရကြောင်း တောက်တက်သူအချင်းချင်းကပင် အသိပေးနေကြသည်။
“မြို့တစ်မြို့ကို အလည်သွားတော့မယ်ဆိုရင် အပျော်နဲ့သွားလည်ခြင်းမဟုတ်ပဲ ဒီမြို့ကိုချစ်မြတ်နိုးတဲ့ စိတ်ကြောင့် သွားလည်ခြင်း ဖြစ်စေချင်တယ်။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” ဟု ပြည်တွင်း တောင်တက်ခရီးသွားသူတစ်ဦးက တောင်ဝိုင်းတောင်ရှိ စွန့်ပစ်အမှိုက်များကို ပြသရင်း မေတ္တာရပ်ခံထားသည်။
ထိုနည်းတူ ဘားအံမြိူ့ရှိ ဇွဲကပင်တောင်၊ ကော့ကသောင်တောင်၊ မိဇံတောင်တို့တွင်လည်း ပလပ်စတစ်အမှိုက်များ များပြားနေသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူများက ပြန်လည်မျှဝေသတိပေးနေကြသည်။
“ခရီးသွားတွေများလာရင် နောက်ဆက်တွဲ ဆိုးကျိုးက အမှိုက်ပဲ
ပြီးရင် ဒေသခံတွေ မရှင်းဘူးလား အမေးခံရတာမျိုးလည်းရှိတယ်၊ ရှင်းမနိုင်ဖြစ်နေတာ” ဟု သဘာဝခရီးသွားဝန်ဆောင်မှုပေးသူတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
အဓိကအားဖြင့် ပလပ်စတစ်ရေသန့်ဘူးများ၊ ခေါက်ဆွဲပြုတ်ဗူးများ၊ ကြွပ်ကြွတ်အိတ်အထုတ်များ များပြားသည်ဟု သူကဆိုသည်။
ထို့ကြောင့် တောင်တိုင်း၏ အဝင်သို့မဟုတ် အောက်ခြေတွင် သက်ဆိုင်ရာဌာနများက အခြားသော နိုင်ငံများနည်းတူ ထိုအမှိုက်များ မပါသွားနိုင်စေရန် စိစစ်ရန် အကြံပေးသည်။
“ထိုင်းမှာဆို ကျွန်တော်တို့ တက်ချင်သလိုတက်မရဘူး၊ တက်မယ်ဆို အိတ်ထဲဘာတွေပါလဲ၊ ခွင့်မပြုတာအကုန်ထားခဲ့ရတယ်၊ သူ့တောင်တက်ရာသီနဲ့ သူရှိနေတယ်၊ အဲတော့ ကိုယ်ဘေးတခုခုဖြစ်လည်း သူတို့ဆီ စာရင်းရှိနေတဲ့အတွက် တခုခုဆို သူတို့တက်ရှာတယ်၊ အဲစနစ်လေးလည်း ဖြစ်စေချင်တယ်” ဟု ခရီးသွားတောင်တက်သူတစ်ဦးက ပေါ်ပြူလာနယူးကို မှတ်ချက်ပေးသည်။
လက်ရှိတွင် လူမှုကွန်ယက်၌လည်း မိုးရာသီ ဘားအံမြို့၏ အလှအပဓာတ်ပုံများသည် လူမှုကွန်ယက်အသုံးပြုသူများကြား မျှဝေမှုများပိုမိုရှိနေသည်။
ထို့ကြောင့် ဘားအံမြို့သို့ ခရီးစဉ် စီစဉ်ပေးရမှူလည်း များပြားလာကြောင်း ခရီးသွားအေဂျင်စီများက ပြောသည်။
“ကျွန်မတို့ အရင်က တပတ်ကို တခေါက်ထွက်ပါတယ်။ အခုတပတ်ကို နှစ်ခေါက်၊ လူများရင် သုံးခေါက်ထိ ရန်ကုန်ကနေ ထွက်ပါတယ်” ဟု ရန်ကုန်မြို့မှ အမည်ရ ခရီးသွားဝန်ဆောင်မှုလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဘားအံမြို့ရှိ ထွန့်ပတိုင်၊ ဆဒ္ဒန်ဂူ ၊လွန်းညရေပြာအိုင်၊ နောင်ခလှိုင်ရေပြာအိုင်၊ ကျောက်ကလပ်စေတီ၊ နောင်လုံတောင်ကြားလမ်းတို့သည်လည်း ပြည်တွင်းခရီးသွားများအကြားလည်ပတ်ရန် သဘောတွေ့နေကာ အမှိုက်ပြဿနာများကို သတိပေးနိုင်ရန်လည်း လိုအပ်လျက်ရှိနေဆဲ ဖြစ်သည်။
