အီရန်စစ်တပ်ရဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဖြစ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) က ဘာရိန်းနိုင်ငံ အီဆာ(Isa) လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို နောက်ထပ်တစ်ကြိမ် အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ IRGC ရဲ့ ကြေညာချက်ထဲမှာတော့ “လွန်ခဲ့တဲ့ နာရီပိုင်းလောက်က အီရန်စစ်တပ်ရဲ့ ဒရုန်းတွေဟာ ဘာရိန်းမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်လေယာဉ်ရုံတွေ၊ လောင်စာဆီ သိုလှောင်ရုံတွေအပြင် ဆက်သွယ်ရေးဗဟိုဌာန တော်တော်များများကို တိုက်ခိုက်ခဲ့တယ်” လို့ ပါရှိပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ လေတပ်စခန်းဟာ ဒီဒေသတွင်းမှာ အမေရိကန်ရဲ့ လေကြောင်းနဲ့ ရေကြောင်းစစ်ဆင်ရေးတွေအတွက် အဓိကအချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း အီရန်စစ်တပ်က ဆိုပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM) က အီရန်ပိုင်နက်ထဲကို နောက်ထပ်တစ်ကြိမ် စစ်ဆင်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးစီးသွားပြီလို့ ပြောပါတယ်။
CENTCOM က X (တွစ်တာ) လူမှုကွန်ရက်ပေါ်မှာ “အမေရိကန်တပ်ဖွဲ့တွေဟာ ခုနစ်ညဆက်တိုက် တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပါပြီ” လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်တပ်တွေအနေနဲ့ အီရန်ရဲ့ ထောက်လှမ်းရေးစခန်းတွေ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေ၊ မြေအောက်လက်နက်သိုလှောင်ရုံတွေနဲ့ ရေကြောင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေကို ထိမှန်အောင် တိုက်ခိုက်ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောထားပါတယ်။
