ဘင်္ဂလားဒေ့ရှ်မှ အဝယ်မရှိသည့်အတွက် အုန်းသီးစျေး အဆမတန်ကျဆင်းနေကာ အုန်းသီးကုန်သည်များ အရှုံးနှင့် ကြုံတွေ့နေရကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ အုန်းသီးကုန်သည်များထံမှ သိရသည်
ဧရာဝတီတိုင်းဒေသကြီးသည် ကမ်းခြေမြို့အများဆုံးတည်ရှိရာ တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ အုန်းသီးထွက်ရှိမှုလည်း များပြားကြောင်း သိရသည်။
ဖျာပုံ၊ဘိုကလေး၊ကျိုက်လတ်၊ဒေးဒရဲ နှင့် ငွေဆောင်၊ချောင်းသာမှ ရခိုင်ပြည်နယ်အထိ ကမ်းခြေတစ်ဆက်တည်းရှိကြောင်း သိရသည်။
အဆိုပါဒေသမှ ထွက်ရှိသည့်အုန်းသီးကို ကုန်သည်များမှတစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ရောင်းချလျက်ရှိသည်။
ယခင်နှစ်များက ဘင်္ဂလားဒေရှ့်မှ ကုန်သည်များက ရသလောက်ဝယ်ယူကြသဖြင့် အုန်းသီးများ စျေးကောင်းရကာ တစ်လုံးလျှင် ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချရကြောင်း သိရသည်၊
“အခုနှစ် ရာသီချိန်မတိုင်မီက အုန်းသီးတစ်လုံးကို ၁၅၀၀ အထိ ပေးပြီး စျေးဖြတ်ဝယ်ထားတာ။ စျေးကွက်ထဲမှာ တကယ်လည်း ရောင်းရော တစ်လုံးကို ၁၃၀၀၊ ၁၄၀၀ပဲ ရတော့ ရှုံးနေတာပေါ့ဗျာ´´ဟု အုန်းသီးကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ယခုအခါ ဘဂ်လားဒေ့ရှ်မှကုန်သည်များက အဝယ်မရှိတော့သောကြောင့် အုန်းသီးစျေး ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာတော့ အရင်လိုများများစားစားဝယ်ယူခြင်းမပြုနိုင်တော့ဘဲ ပြည်တွင်းဖြုန်းအားကိုသာ အားထားပြီး ရောင်းချနေရတယ်´´ဟု အုန်းသီးကုန်သည်တစ်ဦးဖြစ်သူ ဦးအေးမင်းက ပြောသည်။
ယခုအခါ အုန်းသီးကို ပြည်တွင်းမုန့်စက်ရုံများမှ အော်ဒါရသည့်အခါ ပေးပို့ခြင်းမှလွဲ၍ အလုံးလိုက်တင်ပို့ ရောင်းချရန် မဖြစ်နိုင်သဖြင့် အုန်းသားခွဲလှမ်းခြင်း၊ကွမ်းယာထဲတွင်ထည့်စားသည့်အုန်းသီးစိပ်ကျော်ထုတ်လုပ်ခြင်းနှင့် အုန်းခွံမီးသွေးဖုတ်ရောင်းခြင်း လောက်သာ ရောင်းချနေရကြောင်း သိရသည်။
