မေ ၂၂
တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။
သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့အစည်းနှင့် ရှန်ကျန်းတက္ကသိုလ်ရှိ Shenzhen Institutes of Advanced Technology (SIAT) မှ သုတေသီများက တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ သုတေသနကို Advanced Materials သုတေသနဂျာနယ်တွင် ဖော်ပြထားသည်။
ဤတီထွင်မှုအသစ်ဖြစ်သော ဇီဝဘက်ထရီသည် လျှပ်စစ်ထုတ်လုပ်ရန် လျှပ်စစ်ဓာတ်အားသုံး ဘက်တီးရီးယားများကို အယ်လ်ဂျင်နိတ်အခြေခံ ဟိုက်ဒရိုဂျယ်လ်အတွင်းထဲတွင် ထုပ်ပိုးပြီး အသုံးပြုထားသည်။ ဤသက်ရှိ ဟိုက်ဒရိုဂျယ်များသည် 3D-ပုံနှိပ်ထားသောကြောင့် လိုအပ်သလို စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။ လက်ရှိတွင်၊ ၎င်းသည် အလွန်သေးငယ်သောစက်ပစ္စည်းကိရိယာ (အချင်း ၂၀ မီလီမီတာနှင့် အမြင့် ၃.၂ မီလီမီတာ) ဖြစ်သော်လည်း ၎င်းသည်ကောင်းစွာ အလုပ်လုပ်နိုင်သည်။ ဘက်တီးရီးယားများ၏ ဇီဝဖြစ်ပျက်မှုကြောင့်၊ ဇီဝဘက်ထရီသည် ပြင်ပစွမ်းအင်ထည့်သွင်းရန်မလိုဘဲ ၁၀ ခေါက်ခန့်အထိ အလိုအလျောက် အားပြန်သွင်းနိုင်သည်။
အဆိုပါ ဇီဝဘက်ထရီသည် ကိုဘော့ သို့မဟုတ် လစ်သီယမ်ကဲ့သို့ ရှာဖွေရခက်သော အရေးကြီးကုန်ကြမ်းသတ္တုများ (သို့မဟုတ်) အော်ဂဲနစ် အီလက်ထရိုလိုက်ကဲ့သို့သော အဆိပ်သင့်သည့် အစိတ်အပိုင်းများကို အသုံးမပြုဘဲ ၎င်း၏တာရှည်ခံမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းသောကြောင့် ထင်ရှားသောတီထွင်မှုအဖြစ် ရပ်တည်လျက်ရှိသည်။ စင်စစ်မူ ၎င်းသည် ကိုယ်တွင်းအင်္ဂါစိုက်ထည့်ခြင်း (implant) ကဲ့သို့သော ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် အသုံးချရန် အလွန်သင့်လျော်သော နည်းပညာတစ်ခုဖြစ်ပါသည်။
ဥပမာအားဖြင့် သုတေသီများသည် ဤဇီဝဘက်ထရီကို ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြော (sciatic) နှင့် နှလုံးနှင့်အစာအိမ်ဆက်သွယ်ထားသောအာရုံကြော (vagus) လှုံ့ဆော်မှုများအတွက် အသုံးပြုနိုင်ပြီး ဇီဝလျှပ်စစ်လှုံ့ဆော်မှု နှင့် သွေးဖိအားအချက်ပြမှုများကို အလွန်တိကျစွာထိန်းချုပ်နိုင်စေကြောင်း သရုပ်ပြခဲ့သည်။ ဤနည်းလမ်းသည် နည်းပညာအသစ်များဖြင့် ရုပ်ပိုင်းဆိုင်ရာရောဂါကုထုံးများအတွက် လမ်းသစ်တစ်ခုဖွင့်ပေးနိုင်သော်လည်း လက်ရှိအချိန်တွင် အကောင်အထည်ဖော်ရန် အချိန်တော်တော် ကြာနိုင်သည် ဟု သုံးသပ်ထားသည်။
Ref: သည်စတား