ဗန်းမော်မြို့မှ မန္တလေးမြို့သို့ စစ်ရှောင်လာသည့် ဗန်းမော် ဒေသခံစစ်ရှောင် (၆၀၀)ဦးခန့်ကို တစ်ဦးလျှင် ကျပ်ငွေ (၄၀ ,၀၀၀)နှုန်ဖြင့် ယနေ့ ဖေဖော်ဝါရီ (၂၇) ရက် နံနက်ပိုင်း၌ ထောက်ပံ့ကြေးငွေထုတ်ပေးလျှက်ရှိကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ ထောက်ပံ့ကြေးငွေကို မန္တလေးမြို့ စေတနာလူမှုကူညီရေးအသင်းရုံး၌ ထုတ်ပေးနေခြင်းဖြစ်ပြီး၊ စစ်ရှောင်အမည်စာရင်းပေးထားသူများကို ဦးစားပေးထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“စာရင်းပါတဲ့ သူတွေပေါ့။ စာရင်းလည်းကြိုတင်ပေးရတာပေါ့။ စာရင်းပါတဲ့ သူတွေကို ကျွန်တော်တို့က ထုတ်ပေးတဲ့နေရာကို လာပို့ပေးပါတယ်။ လူဦးရေကတော့ ခြောက်ရာပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့မှ ရွှေကူမြို့သို့ လာရောက်ခိုလှုံပြီးနောက် မန္တလေးမြို့သို့တဆင့် ထပ်မံပြောင်းရွှေ့လိုသူ စစ်ရှောင် (၁၈၀)ခန့်ကိုလည်း (၉)ကြိမ်မြောက် ဂရုဏာခရီးစဉ်အဖြစ် နှစ်သုတ်ခွဲ၍ ထပ်မံခေါ်ယူပေးရန် စီစဉ်ထားရှိကြောင်း ဆိုသည်။
“ကျွန်တော်တို့ မတ်လ ပထမပတ်ထဲမှာ ခရီးစဉ်စပါမယ်။ တစ်သုတ်ကို ကားလေးစီးနဲ့ လူ(၆၀)လောက်ပဲ သယ်လို့ရတာဆိုတော့ နှစ်သုတ်ခွဲသယ်ဆောင်မှာပါ။ ကျန်တဲ့သူတွေကတော့ အခြားပရဟိတအဖွဲ့တွေရဲ့အကူအညီနဲ့ ခေါ်ယူမှာပါ။ ကျွန်တော်တို့ စက်သုံးဆီဖိုး အလှူရှင်ရှိနေသမျှ မန္တလေးကိုခေါ်ယူပေးပါမယ်။ လောလောဆယ်လည်း စက်သုံးဆီစရိတ် ရအောင်အလှူခံနေရတယ်။”ဟု ၎င်းက စစ်ရှောင်သယ်ယူရေးအခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် ရွှေကူမြို့ရှိ ဘုန်းကြီးကျောင်း (၅)ကျောင်းတွင် ခိုလှုံနေရသည့် ဗန်းမော်စစ်ရှောင် (၂,၀၀၀)ကျော် ကျန်ရှိနေသေးပြီး မန္တလေးမြို့သို့ စစ်ရှောင်လိုသူများကို အသုတ်လိုက် ခေါ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။