ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ သည် အန်တိုနီယို နာဖာရက်တီ (Antonio Nafarrete) ကို နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့ (AFP) ၏ တပ်မတော်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ်ဖြစ်သည့် နာဖာရက်တီသည် တပ်မတော်ဦးစီးချုပ်အဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ရိုမီယို ဘရောနာ (Romeo Brawner Jr.) ၏နေရာကို ဆက်ခံမည်ဖြစ်သည်။
စစ်မှုထမ်းသက် ၃၆ နှစ်ရှိ နာဖာရက်တီသည် ဖိလစ်ပိုင်တောင်ပိုင်းတွင် အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့များနှင့် ကွန်မြူနစ်ပြောက်ကျားအဖွဲ့များကို တိုက်ဖျက်သည့် စစ်ဆင်ရေးများတွင် အတွေ့အကြုံများ ရရှိထားသူဖြစ်သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်ခေတ်ကတည်းက အသုံးပြုခဲ့သည့် စစ်လက်နက်ပစ္စည်းများကို အစားထိုးနိုင်ရေးအတွက် ဒေါ်လာဘီလျံနှင့်ချီ ကုန်ကျမည့် တပ်မတော်ခေတ်မီရေးအစီအစဉ်ကိုလည်း ဦးဆောင်ဆောင်ရွက်ခဲ့ပြီး အင်အား ၁၆၀,၀၀၀ ခန့်ရှိသော ဖိလစ်ပိုင်တပ်မတော်ကို ကွပ်ကဲခဲ့သည်။
ယင်းခန့်အပ်မှုသည် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ပြည်ပရန်ကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေး စွမ်းရည်များ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။
လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေသည့်အပြင် ဂျပန်၊ သြစတြေးလျ၊ ကနေဒါနှင့် ဥရောပနိုင်ငံအချို့တို့နှင့်လည်း ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
၁၉၉၀ ပြည့်နှစ်တွင် ဖိလစ်ပိုင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် နာဖာရက်တီသည် သမ္မတက တာဝန်မှ ဖယ်ရှားခြင်းမရှိပါက ၂၀၂၉ ခုနှစ် ဇူလိုင်လအထိ တပ်မတော်ဦးစီးချုပ်အဖြစ် သုံးနှစ်သက်တမ်း ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: International
