ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသူများကို လက်ကမ်းကြိုဆိုကြောင်း ဝန်ကြီးချုပ်ပြော
ချင်းပြည်နယ် ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေး ကျရာကဏ္ဍတွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာသည့် ဆေးရုံအုပ်ကြီးတစ်ဦး အပါအဝင် လူပုဂ္ဂိုလ်များရှိကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောသည်။
ယမန်နေ့က ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“ ပြန်လည်ထူထောင်ရေးနှင့် ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်လိုသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုကြောင်း” လည်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရ၊လွှတ်တော်နှင့် ပြည်သူတစ်ရပ်လုံးလက်တွဲညီညီပူးပေါင်းဆောင်ရွက်ပါက မည်သည့်ကိစ္စမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ မြို့မိမြို့ဖများနှင့် ဖလမ်းမြို့နယ်ရှိ ယာယီတိမ်းရှောင်ပြည်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
