ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံးစုံပျက်စီးသွားသည့် နေအိမ်များ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် နေအိမ်များ၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်များကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်း ပြင်ဆင်ပေးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ တလန်လိုရပ်ကွက်၊ ဗလိုင်ရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်ရှိ အလုံးစုံပျက်စီးသွားသည့် နေအိမ်(၁၁) လုံးအတွက် ဘိလပ်မြေ (၅၅) အိတ်နှင့် သွပ် (၃၃၀) ချပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် (၉) လုံးအတွက် ဘိလပ်မြေ (၄၅) အိတ်နှင့် သွပ် (၁၈၀) ချပ်၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ် (၁) လုံးအတွက် သွပ် (၁၀) ချပ်၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရှိ အဆောက်အဦများအတွက် သွပ် (၁၀၀) ချပ်၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းအတွက် သွပ် (၁၁) ချပ်နှင့် ဒေသခံပြည်သူနေအိမ် များအတွက် သွပ် (၅၄) ချပ်၊ စုစုပေါင်းဘိလပ်မြေ (၁၀၀) အိတ်၊ သွပ် (၆၈၅) ချပ်နှင့် သွပ်ရိုက်သံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အဦနှင့် နေအိမ်များအတွက် ဆက်လက် ထောက်ပံ့လျက်ရှိကြောင်း သိရှိရသည်။
