ယနေ့ စက်တင်ဘာ (၆)ရက် ၊ ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယူ-၂၃ အာရှဖလားဝင်ရောက်ခွင့်ခြေစစ်ပွဲစဉ် တစ်ခုဖြစ်သည့် မြန်မာနှင့် ဂျပန်အသင်းတို့ အုပ်စု ဒုတိယပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရာ ဒုတိယပိုင်းပွဲပြီးခါနီးမှ ပယ်နတီ ပေးရပြီး မြန်မာ ယူ ၂၃ အသင်းက (၂)ဂိုး (၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပထမပိုင်းပွဲပြီးဆုံးချိန်တွင် နှစ်ဖက်အသင်း ဦးဆောင်ဂိုးသွ င်းယူနိုင်ခြင်းမရှိဘဲ၊ ဒုတိယပိုင်းပွဲချိန်မှသာ ဂျပန်အသင်းက မြန်မာအသင်းကို (၂)ဂိုးသွင်းယူခဲ့ပြီး မြန်မာအသင်းက ချေပဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာ နှင့် ဂျပန်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို လက်ရွေးစင်အမျိုးသားနှင့် အမျိုးသမီးအသင်းကြီးမှ ကစားသမားအချို့ လာရောက်အားပေးခဲ့ကြသည်။
မြန်မာအသင်းအနေဖြင့် လက်ရှိတွင် (၂)ပွဲကစားထားပြီး ကူဝိတ်အသင်းကို သရေ ရလဒ်နှင့် ဂျပန်အသင်းကို ရှုံးနိမ့်ထားကာ လာမည့် စက်တင်ဘာ (၉) ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် အုပ်စု (၁၁) ခုမှ အုပ်စုပထမ တစ်သင်းစီနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၄) သင်း၊ စုစု ပေါင်း (၁၅)သင်း ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး မြန်မာအသင်းသည် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်းဖြစ်သည်။
မြန်မာ့လက် ရွေးစင် ယူ -၂၃ အသင်းအား ဂျပန်လူမျိုးနည်းပြ ကူရိုမှ တာဝန်ယူ ကိုင်တွယ်နေခြင်းဖြစ်သည်။
