မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် ကုမ္မဏီ လီမိတက် နှင့် GCL System Integration Technology Co., Ltd. (GCL SI) တို့အကြားပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)ကို ရေးထိုးခဲ့ကြောင်း သိရသည်။
ဇွန် ၁၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်သော SNEC PV Power EXPO တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နားလည်မှုစာချွန်လွှာ ( MOU ) အရ MTSH နှင့်အတူ မြန်မာနိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စွမ်းရည် ၁၀၀ မီဂါဝပ် အထိရှိသောနေရောင်ခြည်ဓာတ်အားစနစ်များ (Floating Photovoltaic Power Plant a Centralized Photovoltaic Power Plant အပါအဝင် )တည်ဆောက်နိုင်မှုကို အတူတကွဆန်းစစ်သုံးသပ်ရန် နှင့် ပူးပေါင်းလုပ်ဆောင်မှုအဖွဲ့တစ်ခုကိုတည်ထောင်၍စီမံကိန်း၏ဖြစ်နိုင်မှုကိုထိရောက်စွာ ဆန်းစစ် သုံးသပ်ရန်” ရည်ရွယ်ချက်တို့ဖြင့် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Golden Concord Holdings Limited (GCL Group) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ထင်ရှားသော စွမ်းအင် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး သန့်ရှင်း၍ ပြန်လည် သုံးစွဲနိုင်သော စွမ်းအင်နည်းပညာများကို အထူးပြုလုပ်ဆောင်ရွက်လျက်ရှိကာ လုပ်ငန်းများအနေဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ နေရောင်ခြည် စွမ်းအင် ဆိုင်ရာပစ္စည်းများ (PV materials) ၊ ရေနံနှင့် ဓာတ်ငွေ့၊ Green Smart City များ တည်ဆောက်ခြင်း နှင့် ငွေကြေး ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီး တစ်ခု ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့နည်းပညာမြင့်မားသောကုမ္ပဏီနှင့် MTSH အနေဖြင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုး၍ ပူးပေါင်း လုပ်ဆောင်ခြင်းသည် MTSH အပါအဝင် ကုမ္ပဏီ၏လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများ၏ လိုအပ်ချက်များအပြင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးထုတ်လုပ်မှု စီမံကိန်းများ၏ စီမံကိန်းဖြစ်နိုင် ချေလေ့လာမှုများ (Feasibility Study) ကို အတူတကွ ထိရောက်စွာ ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်ပြီး နည်းပညာအထောက်အပံ့များစွာ သင်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။