ရန်ကုန်၊ စက်တင်ဘာ ၉
စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရေရှည်ဆီဖူလုံရေးအတွက် အချိန်ကာလတစ်ခုအတွင်း ကျင့်သုံးခဲ့သည့် မော်တော်ယာဉ်နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန် အစိုးရက ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ “စုံ/မ” စနစ်ကို ကမ္ဘာ့စက်သုံးဆီဈေးကွက်နှင့် စက်သုံးဆီရရှိနိုင်မှုအခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချထိန်းညှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ EV ယာဉ်များမှအပ ပုဂ္ဂလိကမော်တော်ယာဉ်များကို ယာဉ်နံပါတ်ပြား၏ နောက်ဆုံးဂဏန်းအလိုက် “စုံ” ရက်နှင့် “မ” ရက် သတ်မှတ်၍ တစ်ရက်ခြား မောင်းနှင်စေခဲ့သည်။
စနစ်စတင်ချိန်တွင် မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး မတ်လ ၁၄ ရက်မှစ၍ သတ်မှတ်ချက်များနှင့်အညီ ကျင့်သုံးခဲ့သည်။ ထို့အပြင် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လိုအပ်သူများ စနစ်တကျဝယ်ယူနိုင်ရေးအတွက် QR Code စနစ်ကို မတ်လ ၁၂ ရက်မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် အသုံးပြုခဲ့သည်။
နောက်ပိုင်းတွင် Bar Code/QR Code စနစ်ကို ထပ်မံအဆင့်မြှင့်တင်ကာ ယာဉ်အင်ဂျင်စွမ်းအားအလိုက် စက်သုံးဆီဝယ်ယူခွင့်ပမာဏ သတ်မှတ်ခြင်းအပါအဝင် ဆီဖြန့်ဖြူးရောင်းချမှုကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် စနစ်တကျစီမံနိုင်ရေး ဆောင်ရွက်ခဲ့သည်။
တစ်ဖက်တွင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီဖူလုံရေးအတွက် ပြည်ပမိတ်ဖက်နိုင်ငံများထံမှ ဝယ်ယူရရှိရေးနှင့် ပြည်တွင်းဖြန့်ဖြူးမှု စနစ်တကျရှိစေရေးတို့ကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
“စုံ/မ” စနစ်ကို ကျင့်သုံးခဲ့သည့်ကာလအတွင်း တစ်ရက်ခြားသာ မော်တော်ယာဉ်အသုံးပြုနိုင်ခြင်းကြောင့် ကျောင်းကြိုပို့ရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ သွားလာမှုများအပြင် စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူများက တင်ပြခဲ့ကြသည်။
ယင်းအခြေအနေများနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က နယ်ဒေသများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ထည့်သွင်းတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံတွင်လည်း အဆိုပါစနစ်ကို ပြန်လည်သုံးသပ်ပေးရန်နှင့် ပယ်ဖျက်ပေးရန် တင်ပြတောင်းဆိုမှုများ ရှိခဲ့သည်။
အထူးသဖြင့် စက်သုံးဆီခွဲတမ်းရရှိမှု၊ ဆိုင်ကယ်များအတွက် ဆီပမာဏလုံလောက်မှု၊ ကလေးများ ကျောင်းကြိုပို့ရာတွင် “စုံ/မ” သတ်မှတ်ချက်နှင့် ကိုက်ညီရန် အခက်အခဲရှိမှုအပါအဝင် နယ်ဒေသများ၏ လက်တွေ့အခြေအနေများကို ထည့်သွင်းစဉ်းစားပေးရန် တင်ပြမှုများ ရှိခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် “စုံ/မ” စနစ်ကို ရေရှည်အမြဲတမ်းကျင့်သုံးရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ စက်သုံးဆီရရှိနိုင်မှုအခြေအနေနှင့် သုံးစွဲမှုပမာဏကို ထိန်းညှိရန် လိုအပ်သည့် အချိန်ကာလတစ်ခုအတွင်းသာ ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းထားခဲ့သည်။
ယခုအခါ စက်သုံးဆီဖူလုံရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို အချိန်ကာလတစ်ခုယူ၍ ဆောင်ရွက်ခဲ့ပြီး လက်တွေ့ကျင့်သုံးမှုအခြေအနေ၊ ပြည်သူများ၏ တင်ပြချက်များနှင့် နေ့စဉ်လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုများကို ထည့်သွင်းသုံးသပ်ကာ ပြည်သူများ၏ သွားလာရေး၊ ကျောင်းကြိုပို့ရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ် “စုံ/မ” မောင်းနှင်စနစ်ကို ပြန်လည်ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် အများပြည်သူအကျိုးအတွက် စက်သုံးဆီဖြည့်တင်းရာတွင် ကျင့်သုံးလျက်ရှိသည့် QR Quota နှင့် စုံ/မ စနစ်ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ယင်းကြောင့် ယခုပယ်ဖျက်လိုက်သည့်စနစ်မှာ မော်တော်ယာဉ်များကို စုံ/မ ရက်အလိုက် တစ်ရက်ခြား မောင်းနှင်ရသည့် ကန့်သတ်ချက်ဖြစ်ပြီး စက်သုံးဆီဖြည့်တင်းရာတွင် အသုံးပြုသည့် QR Quota နှင့် စုံ/မ စနစ်မှာ ဆက်လက်ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။
