စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချစေရန်တို့အတွက် ယခုနှစ် ၂၀၂၅ ခုနှစ် ဆောင်းရာသီ၌ နေကြာဧက(၁,၂၀၀)ကျော်လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
” ကျွန်းလှမြို့နယ်ထဲ ဒီနှစ်ဆောင်းရာသီမှာ နေကြာသီးနှံစိုက်ဧက(၁,၂၀၀)ကျော်လျာထားစိုက်ပျိုးသွားဖို့ရှိပါတယ်။ အဲဒီလို စိုက်ပျိုးဖို့ကို တောင်သူတွေနဲ့ ဆွေးနွေးနေပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြော သည်။
ထို့ကြောင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးနည်းပညာများကိုဆောင်ရွက်ပေးလျက်ရှိပြီး ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးရန် (၁,၂၃၆)ဧကလျာထားကာ ဒေသ၏ရာသီဥတုနှင့် ကိုက်ညီသော ဆင်းရွှေကြာ-၂၊ ရေဆင်း-၁ နှင့် ဒေသမျိုးများစိုက်ပျိုးကြောင်း သိရသည်။
