မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ သိရသည်။
အစီရင်ခံစာအရ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူများ၏ ပညာရေးအဆင့်တွင် မူလတန်းအဆင့် ၃၂.၂ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၃၀.၁ ရာခိုင်နှုန်း ရှိသဖြင့် စုစုပေါင်း ၆၂.၃ ရာခိုင်နှုန်း သည် အခြေခံပညာအဆင့်သာ ရရှိထားသူများ ဖြစ်ကြသည်။
ထို့အပြင် အထက်တန်းအဆင့် ၂၁.၇ ရာခိုင်နှုန်း၊ ဘွဲ့ရရှိပြီးသူ ၆.၅ ရာခိုင်နှုန်း၊ တက္ကသိုလ်/ကောလိပ်ပညာ ရရှိထားသူ ၄.၃ ရာခိုင်နှုန်း နှင့် အသက်မွေးဝမ်းကျောင်းပညာ (TVET) ရရှိထားသူ ၀.၁ ရာခိုင်နှုန်း သာ ရှိကြောင်း ဖော်ပြထားသည်။
အဆင့်မြင့်ပညာရရှိထားသူများကို လေ့လာရာတွင် အမျိုးသားရွှေ့ပြောင်းလုပ်သားများအနက် ၅.၆ ရာခိုင်နှုန်း သာ ဘွဲ့တစ်ခုခုရရှိထားသော်လည်း အမျိုးသမီးများတွင် ၈.၂ ရာခိုင်နှုန်း အထိ ရှိကြောင်း သိရသည်။
မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိသူများမှာ အမျိုးသား ၀.၁ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၀.၂ ရာခိုင်နှုန်း သာရှိသဖြင့် အလွန်နည်းပါးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အချက်အလက်များအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်သူ အများစုသည် အခြေခံပညာအဆင့်သာ ရရှိထားသူများဖြစ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှုအခြေပြုပညာ ရရှိထားသူများမှာ အလွန်နည်းပါးနေကြောင်း သန်းခေါင်စာရင်း အစီရင်ခံစာက ဖော်ပြထားသည်။
