ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီများ ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
စျေးကွက်အတွင်းတွင် မေလ (၁၅) ရက်က စက်သုံးဆီစျေးနှုန်းသည် 92 တလီတာလျှင် (၂၈၂၅) ကျပ်၊ 95 တလီတာလျှင် (၂၈၈၅) ကျပ်၊ ဒီဇယ်တလီတာလျှင် (၂၄၂၅) ကျပ်၊ ပရီမီယံဒီဇယ်တလီတာလျှင် (၂၉၈၀) ကျပ်ရှိခဲ့ရာမှ ယနေ့ မေ (၁၉)ရက် တွင် 92 တလီတာလျှင် (၂၇၅၀) ကျပ်၊ 95 တလီတာလျှင် (၂၈၀၅) ကျပ်၊ ဒီဇယ်တလီတာလျှင် (၂၃၂၀) ကျပ်၊ ပရီမီယံဒီဇယ်တလီတာလျှင် (၂၈၅၅)ကျပ်သို့ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်းထားနှင့် ပြည်ပမှ ဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီဈေးနှုန်းအပေါ်၌ အခြေခံကြောင်းလည်း ကော်မတီကဆိုထားသည်။
ထို့ပြင် အရန်စက်သုံးဆီ သိုလှောင်ထားရှိမှုအနေဖြင့် ရက် သတ္တပတ် (၂) ပတ်စာခန့်ရှိပြီး ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများလည်း အဆက်မပြတ် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။