ပိုးသတ်ဆေး ဓာတ်ကြွင်းပမာဏကြောင့် ရပ်ဆိုင်းထားသည့် ပဲတီစိမ်းနှင့်ငှက်ပျောတင်ပို့မှုကို တရုတ်ဘက်က ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ဒုတိယဝန်ကြီး Mr. Zhao Zeng Lian ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီ ၂၅ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီခုနစ်ခုတို့ကို ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားသည့်အတွက် ဖြေလျော့ပေးရန် ဆွေးနွေးမှုအပေါ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်။
ထို့ပြင် လက်မှတ်ရေးထိုးရန် ပေးပို့ထားသည့် Protocol များနှင့် စပ်လျဉ်း၍ GACC ၏ သက်ဆိုင်ရာ သီးနှံ၊ အသား၊ ငါးကဏ္ဍအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်လက်ဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ငှက်သိုက်တင်ပို့မှု လုပ်ငန်းစဉ်အတွက် လိုအပ်သော အထူးသဘောတူညီချက်နှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း GACC ဘက်မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
