ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်း၌ နှစ်စဥ်ရေကြီးရေလျှံမှုမဖြစ်စေရန် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ရှိ ကျောက်ကြီးစုတာအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် တာပုံစံကျပြုပြင်ခြင်း၊ ၁၆ ပေအကျယ်ဂဝံခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား တာပုံစံကျပြုပြင်ခြင်း၊ မူလမ်းရှိ ဂဝံများပြန်ခင်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကာ ကျောက်ကြီးစုတာအား (၁၆)ပေအကျယ် ကွန်ကရစ်ခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား (၁၆)ပေအကျယ် ဂဝံခင်းခြင်းတို့ကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ ပဲခူးမြစ်တာ(ပန်းလှိုင်-ပုဏ္ဏားစု-မုန်တိုင်) အပိုင်း အလျား(၇၈၀၀)ပေအား High Flood Level (H.F.L) (၁၀၃၀) စင်တီမီတာအထိ မြေဖို့တာမြှင့်ခြင်း၊ (၁၆)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ မြေထိန်းနံရံတည်ဆောက်ထားခြင်းနှင့် အောက်စီတီးကျေးရွာအထိ မြေသားတာဘောင်ပြုလုပ်ခြင်း၊ ဂဝံခင်းခြင်းတို့ကိုလည်းပြုလုပ်လျက် ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဝန်ကြီးချုပ်မှ ရေဘေးကာကွယ် ရေးတာများဖြစ်၍ တာဘောင်ဧရိယာအတွင်း ကျူး ကျော်နေထိုင်မှုမရှိစေရေး၊ တာဘောင်များတွင် မြေထိန်းအပင်များဖြစ်သည့် ကိုင်းပင်များ၊ ဗာတီပါမြက်များစိုက်ပျိုးသွားရန်နှင့် ဒေသခံများကလည်း တာဘောင်ရေရှည်တည်တံ့စေရေးဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် အသိပညာပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။