မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ မြို့တော်ခန်းမ၌ ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး ၏ နေ့ထူးနေ့မြတ်များကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။
ထို့ကြောင့် မွန်တိုင်းရင်းသား/သူများအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုသည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့က မွန်တိုင်းရင်းသားရိုးရာအကနည်းပြများအား ဂုဏ်ပြုပန်းခြင်းနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မွန်တိုင်းရင်းသား၊ တိုင်းရင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။