ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။
ယနေ့ ဇွန်လ (၁၀)ရက်၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၆) ပေခန့်သာလိုပြီး ယနေ့ မြစ်ရေတက်နှုန်းမှာ ၂၄ နာရီအတွင်း (၅) ပေကျော် ရှိကြောင်းတွေ့ရသည်ဟုဆို သည်။
နောက် (၂၄)နာရီအတွင်း ပဲခူးမြစ်အထက်ပိုင်း(ဇောင်းတူ)နှင့် ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာနိုင်သည့်အတွက် နောက် (၄၈) နာရီအတွင်း ပဲခူးမြစ်၏ စိုးရိမ်ရေမှတ် (၂၈ဒဿမ ၈၇ ပေ)ကို ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။
ယနေ့တွင် ရန်ကုန်တိုင်းအပါအဝင် ဧရာဝတီတိုင်းနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလက အသိပေးထားသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် (၄) ပေကျော်မှာ မြင့်တက်လာပြီး ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုအပြင် ရထားလမ်းများရေနစ်မြှပ်ခဲ့သေးသည်။
ဓာတ်ပုံ – ပြီးခဲ့သည့်နှစ် ပဲခူးရေကြီး ရေလျံဖြစ်ပွားမှု ပုံရိပ်အချို့ (ပုံဟောင်း)