ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ရဲ့ တယ်လီဖုန်း ဆွေးနွေးမှုတွေဟာ ချစ်ကြည်ရင်းနှီးတဲ့ အငွေ့အသက်နဲ့ ပြည့်နှက်နေကြောင်း အမေရိကန်ထုတ် ဝေါလ်စထရိသတင်းစာကြီးက ရေးသားဖော်ပြထားပါတယ်။
သတင်းရင်းမြစ်တွေရဲ့အဆိုအရ ထရမ့်ဟာ ရုရှား-အမေရိကန်ဆက်ဆံရေးကို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်းဖြင့် ပြန်လည်ထူထောင်လိုတဲ့ ရည်မှန်းချက်ကို မကြာခဏပြောဆိုကြောင်း၊
ခေါင်းဆောင်နှစ်ဦးဟာ ကြားခံပုဂ္ဂိုလ်တွေကတစ်ဆင့် မက်ဆေ့ချ်များစွာကိုလည်း ဖလှယ်ခဲ့ကြကြောင်း အဲဒီ သတင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်အစပိုင်းကတည်းက ပူတင်နဲ့ ထရမ့်တို့ဟာ တယ်လီဖုန်းနဲ့ ခြောက်ကြိမ် ဆက်သွယ်ခဲ့ပါတယ်။ အမေရိကန် ခေါင်းဆောင်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ သူရာထူးတက်ပြီး နောက်တစ်ရက်မှာပဲ ပူတင်နဲ့ တွေ့ဆုံလိုကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထရမ့်ဟာ ထိပ်သီးအစည်းအဝေး ကျင်းပလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မနေ့က ဩဂုတ်လ ၇ ရက်နေ့မှာပဲ ရုရှားသမ္မတရဲ့ လက်ထောက်ဖြစ်သူ Yury Ushakov လာမယ့် ရက်အနည်းငယ်အတွင်း ပူတင်-ထရမ့် တွေ့ဆုံပွဲကျင်းပဖို့ သဘောတူညီမှုရရှိကြောင်း ပြောကြားခဲ့ပါတယ်။
