၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးမှုများရှိခဲ့သည့် ပုဂံဒေသမှ ရှေးဟောင်းအဆောက် အအုံ၊ ဘုရား၊ စေတီများအား ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းသည် ဒုတိယအဆင့်ကိုရောက်ရှိနေပြီ ဖြစ်ပြီး စက်တင်ဘာလမှစတင်ပြီး ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။
ထိုစီမံကိန်းကို ငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးခဲ့သည့် ရှေးဟောလင်းအဆောက်အအုံ၊ ဘုရား၊ စေတီ (၇၂) ဆူအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာ နားလည်မှု သဝဏ်လွှာ (MoU) အဖြစ် ၂၀၁၈ ခုနှစ် မေလ (၁၁)ရက်က နေပြည်တော်၌ အိန္ဒိယနိုင်ငံအစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ပုဂံဒသရှိ ဘုရား၊ စေတီ (၅၀)ခန့်၏ တည်ဆောက်ပုံ ထိန်းသိမ်းရေးနှင့် ဓာတုဗေဒဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း၏ ဒုတိယအဆင့်ကို ရောက်ရှိပြီဖြစ်ကာ ဆောင်ရွက်ရန်အတွက် တာဝန်ယူထားသည့် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့သည်လည်း ရန်ကုန်မြို့ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ယင်း (ASI)အဖွဲ့တွင် ဓာတုဗေဒ ထိန်းသိမ်းရေးနှင့် ကြံ့ခိုင်ရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များ ပါဝင်ပြီး ပုဂံရှိ ထင်ရှားကျော်ကြားသည့် အာနန္ဒာဘုရားကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအပါအဝင် ပုဂံပြန်လည်ထူထောင်ရေး စီမံကိန်း၏ ပထမအဆင့်စီမံကိန်းအောက်ရှိ ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ (၁၁)ဆူတို့ကို ထိန်းသိမ်းပြုပြင်ခဲ့ဖူးသေးသည်။
စီမံကိန်း ဒုတိယအဆင့်၌လည်း ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ဒေသခံ လက်မှုပညာရှင်များ၏ အကူအညီများဖြင့် ပေါင်းစပ်၍ တည်ဆောက်ပုံ ထိန်းသိမ်းရေးနှင့် ဓာတုဗေဒဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ (၅၀) ခန့်၌ ထပ်မံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
