ပေကျင်း၊မေ ၁၀
ပါကစ္စတန်နှင့်အိန္ဒိယတို့အကြားအပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံကထောက်ခံကြောင်းနှင့် ယင်းကိစ္စတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိကပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်က ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နဲ့ ဖုန်းပြောပြီး ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းလည်းဖြစ်သည်။
ပါကစ္စတန်နှင့်အိန္ဒိယ နှစ်နိုင်ငံစလုံး၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ပဋိပက္ခများပြင်းထန်လာမည်ကို စိုးရိမ်မိကြောင်းလည်းပြောကြားခဲ့သည်။
ပါကစ္စတန်သည် လက်ရှိအခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြင့်တုန့်ပြန်ပြီး နိုင်ငံ၏ရေရှည်အကျိုးစီးပွားများကိုကြည့်ကာ ဆုံးဖြတ်ချက်ချလိမ့်မည်ဟု တရုတ်နိုင်ငံကယုံကြည်ကြောင်းလည်း ၎င်းကေပြာကြားခဲ့သည်။
ပါကစ္စတန်ကလည်း အိန္ဒိယနှင့်အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန်ဆန္ဒရှိသည်ဟုဆိုသည်။သို့သော် နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်ဆိုင်မှုကို ထိပါးဖောက်ဖျက်သည့် မည်သည့်လုပ်ရပ်ကိုမဆို ထိထိမိမိတုန့်ပြန်သွားမည်ဟုပြန်လည်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ