ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် အောင်လံမြို့သို့ရောက်ရှိနေသောနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်း၏အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲကြရန်ဆွေးနွေးခဲ့ကြသည်။
အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ သြဂုတ် ၂၀ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရီးစဥ်လိုက်ပါလာကြသည့် ပုဂ္ဂိုလ်များနှင့်အတူဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး၌ ယာမြေများကို အသွင်ပြောင်းလယ်မြေများအဖြစ်ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ သီးနှံအထွက်နှုန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် ပြည့် မီမှုမရှိသေးသည်ကိုတွေ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ငွေကျပ် ၄၆၅ ဘီလီယံခန့် လျော့နည်းလျက်ရှိနေကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်ကောင်းမွန်လာကာ ဒေသစီးပွားကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိုက်ပျိုးရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းများ လုံလောက်ကောင်းမွန်စွာ ရရှိအောင်ဆောင်ရွက်ကြရန်၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် များစိုက်ပျိုးနိုင်ရန်၊ မြေကောင်းမွန်မှုရှိစေရေး မြေပြုပြင်ခြင်း၊ သဘာဝမြေဩဇာများကို အသုံးပြုရန်၊ စိုက်ပျိုးရေအတွက်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်ခြင်းဖြင့်ဧရာဝတီမြစ်ရေများကို စနစ်တကျ အသုံးချရန်လိုကြောင်းတို့ကိုအကြံပြုဆွေးနွေးခဲ့သည်။
ဒေသတစ်ခု တိုးတက်ရေးမှာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အောင်လံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ဆောင်မှု များ အားနည်းနေသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် အဆိုပါတိရစ္ဆာန်အစာများကို အသုံးပြု၍ ကြက်၊ ဝက်၊ ဆိတ်၊ နွား များကို မွေးမြူနိုင်ကြောင်း၊ ထိုသို့မွေးမြူဆောင်ရွက်ခြင်းဖြင့် ဒေသစားရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ ရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်း ကျောင်း များကိုဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အောင်လံဒေသအတွင်း စိုက်ပျိုးနေသော ဝါနှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများ ကိုအခြေခံမှစ၍ ဆောင်ရွက်သွားကြရန်လိုကြောင်းတို့လည်းပါဝင်သည်။
အောင်လံဒေသအတွင်း သစ်တောသစ်ပင်များကို ထိန်းသိမ်းရန် လိုကြောင်း၊ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်း ၂ ဧက နှုန်းဖြင့် စိုက်ပျိုးရန် မှာကြားထားကြောင်း၊ မြို့ရွာများ၊ ရပ်ကွက်များအလိုက် တစ်အိမ်လျှင် သစ်ပင်တစ်ပင် နှုန်း နှစ်စဉ်စိုက်ပျိုးသွားမည်၊ လမ်းဧရိယာများ၌လည်း သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်း စိုပြေလာမည်ဖြစ်ကြောင်း၊သစ်ပင်သစ်တောများရှိမှသာ သဘာဝဘေးဒဏ်များကို ထိုက်သင့်သလောက်လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းထောက်ပြဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအဆင့်မြှင့်တင် တည်ဆောက်မှုကိုသွားရောက်ကြည့်ရှု့ခဲ့သည်။
