ယခုရက်ပိုင်းအတွင်း မုန်တိုင်းအကြွင်းအကျန်သက်ရောက်မှုအပြင် လေပွေလှိုင်း တစ်ခုထပ်မံဖြစ်ပေါ်လာပြီး မိုးသည်းထန်ဦးမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ခန့်မှန်းထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် စက်တင်ဘာလ (၁၂) ရက် ညပိုင်းနှင့် (၁၃)ရက် နံနက်ပိုင်းမှစတင်ပြီး လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ကာ ပိုမိုအားကောင်းလာနိုင်ပြီး စက်တင်ဘာလ (၁၄)ရက်တွင် အားကောင်းသောလေ ဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာနိုင်ကာ အနောက်တောင်မုတ်သုံလေ အားကောင်းနေနိုင်ကြောင်း သိရသည်။
ယခုအချိန်အထိ ရရှိပြီးကြိုတင်ခန့်မှန်းချက်များအရ မုန်တိုင်းအကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေအနက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စက်တင်ဘာလ (၁၀) ရက်မှ စတင်ပြီး မိုးအနည်းငယ်မှအသင့်အတင့် စတင်ရွာသွန်းနိုင်ပြီး စက်တင်ဘာ(၁၁) ရက်မှ (၁၄)ရက်အထိ မြန်မာနိုင်ငံနေရာအနှံ့အပြား၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
