ရက်(၁၀၀)စီမံချက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှလုံးဆေးကုဌာနများတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ(၁)သိန်းအတွက် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဧပြီ ၂၃ ရက်က ရှင်းလင်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံတည်ငြိမ်အေးချမ်းမှုရှိသောကျေးရွာတိုင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ရက်(၁၀၀) စီမံချက်တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကာ နေပြည်တော်နှင့် တိုင်း/ပြည်နယ်(၁၄)ခု၌ သူနာပြုသင်တန်းကျောင်း (၁၅) ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သွားမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ဆေးရုံကြီးများတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကိုတိုးမြှင့်ခြင်း၊ နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးသည် အခြေခံလိုအပ်ချက်ဖြစ်၍ ပြည်သူလူထုကိုတိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
