ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရတို့ကြား နှစ်ဖက်ချစ်ကြည်ရေးမြို့နှင့် မြို့များကြားညီ အမမြို့တော်များပြုလုပ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(မူကြမ်း)နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ဦးဆောင်၍ ဇူလိုင် ၁ ရက်ကပြုလုပ်ခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ(မူကြမ်း)နှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ပြန်ကြားချက်များအပေါ် ပြင်ဆင်ဖြည့်စွက်ခြင်းများကို တည်ဆဲဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေရေးကိုရှေးရှုပြီး ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ရမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က မှာ ကြားသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာမူကြမ်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် နုကျန်းပြည်နယ်ခွဲတို့ကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုအား ကောင်းလာစေရန်နှင့် နှစ်နိုင်ငံသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်ရည်ရွယ်၍ နှစ်ဖက်ချစ်ကြည်ရေးမြို့နှင့် မြို့များကြား ညီအမမြို့ တော်များပြုလုပ်ပြီး ယဉ်ကျေးမှုနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲ များ ထိန်းသိမ်းရေးနှင့် ခရီးသွားမြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများပါဝင်သည်။
