နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်နှင့် ဗိုလ်ကျစိုးမိုးရေးဝါဒကို တွန်းလှန်ရန် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့ကြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ခြောက်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ကြကာ အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ကတိပြုခဲ့ကြအပြီး ရက်သတ္တသုံးပတ်ခန့်အကြာတွင် ပေကျင်း၌ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံရာတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအားကောင်းလာခြင်းသည် မြောက်ကိုရီးယား၏ မယိမ်းယိုင်သော ရပ်တည်ချက်ဖြစ်ကြောင်း ကင်မ်ကို အကိုးအကားပြုကာ ပြောကြားခဲ့သည်။ ကင်မ်-ရှီ ထိပ်သီးအစည်အဝေး၏ စိတ်ဆန္ဒများနှင့်အညီ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုကို တိုးမြှင့်ရန် ရည်ရွယ်ချက်ရှိပါကြောင်း ချိုးက ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား၏ ကေစီအင်န်အေ သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန်ရည်ရွယ်သည့် ခိုင်မာသောရပ်တည်ချက်ကို ထိန်းသိမ်းကြောင်းနှင့် မဟာဗျူဟာဆက်ဆံရေးနှင့် ကူလူးဖလှယ်မှုများကို မြှင့်တင်ရန်လိုအပ်ကြောင်း ဝမ်က ပြောကြားခဲ့သည်ဟု ကေစီအင်န်အေက ဆက်လက်ဖော်ပြခဲ့သည်။
Ref: အေပီ
