ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ နောင်ချို တိမ်ပင်လယ်စခန်းအချို့ သီတင်းကျွတ်ကာလတွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
နောင်ချို တိမ်ပင်လယ်စခန်းသည် နောင်ချိုမြို့နယ်၊ နောင်ချိုကြီးရွာ၌ရှိခြင်းဖြစ်ကာ လာမည့်(သီတင်းကျွတ်လပြည့်နေ့) ၌ ပြန်လည်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ပြန်လည်ဖွင့်လှစ်ရာတွင် သီတင်းကျွတ်လပြည့်နေ့၌ Cloudy Villa / Win Villa နှင့် တောင်ပေါ်စခန်း စသည့် စခန်းသုံးခုသာ ဦးစွာဖွင့်လှစ်မည်ဟုလည်း သိရသည်။
နောင်ချိုရှိ တိမ်ပင်လယ်၏ ရာသီဥတုနှင့် ခရီးသွားများမှုသည် နိုဝင်ဘာ၊ ဒီဇင်ဘာကာလဖြစ်ပြီး ယခုနှစ်တွင်မူ စခန်းဆယ်ခုကျော်ရှိသည့်အနက် အထက်ပါ သုံးခုသာဖွင့်လှစ်နိုင်သေးမည်ဖြစ်သည်ဟု သိရသည်။
“လက်ရှိအနေအထားအရ နောင်ချိုမြို့ဝန်းကျင်မှာတော့ တို-က်ပွဲအခြေအနေ အေးချမ်းသွားပြီဟု ဆိုရမလိုပါ..လမ်းမှာတော့ ပြင်ဦးလွင် Xray ဂိတ်၊ လွန်းကျော်ဂိတ်၊ နောင်ချိုမြို့အဝင်များမှာတော့ စာရင်းပေး စစ်ဆေးမှုတော့ ရှိပါမည်။ လမ်းရွာတွေလည်း ပြန်လာကြပြီမို့ …လာရှိုးလမ်းမကြီးဟာလည်း အသွားအလာများ မပြ-တ်ရှိပါသည်။ အထူးမှတ်ချက်ပြုချင်တာကတော့… မြို့ဝင်/ မြို့ထွက်များသည် နောက်ဆုံးအချိန် ည(၆)နာရီထိသာ ဖြတ်သန်းသွားလာလို့ရတာမို့ … နောင်ချိုတိမ်ပင်လယ် လာမယ်ဆိုရင် ပြင်ဦးလွင်မှ ညနေ (၄)နာရီ နောက်ဆုံးထားလာစေချင်ပါတယ် ခင်ဗျာ။” ဟု တိမ်ပင်လယ်ကော်မတီ အတွင်းရေးမှူး၊ Cloudy Villa ပိုင်ရှင်လည်းဖြစ်သူ ဦးပြည့်စုံအောင်က လူမှုကွန်ယက်တွင် မျှဝေထားသည်။
နောင်ချိုတိမ်ပင်လယ်စခန်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစ၍ စစ်ရေးအခြေအနေများကြောင့် နှစ်နှစ်ကြာပိ-တ်ထားခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဓာတ်ပုံ- Pyae Aung
