မြန်မာ့ဘောလုံးလောက၏ အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို မြေတောင်မြှောက်ပေးမည့် FIFA Football for Schools အစီအစဉ် မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အရ နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး ၂ ခုရှိ အခြေခံပညာကျောင်းများအတွက် FIFA က လှူဒါန်းသည့် Adidas Size-4 ဘောလုံးအလုံးရေ ၁၁,၀ ၀၀ ကျော်ကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများနှင့် ကျောင်းတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် အခမ်းအနားကို ဇဗ္ဗူသီရိမြို့နယ်၊ အထက (၆) အားကစားကွင်း၌ ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ကာ ဘောလုံး(၈၉၃)လုံးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အခမ်းအနားကို ဇွန် ၁၂ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ အထက (၁) အားကစားကွင်း၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် MFF တာဝန်ရှိသူများက တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ ဘောလုံး (၆၂၁၆) လုံးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အခမ်းအနားကို ဇွန် ၁၂ ရက် နေ့လယ်ပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ အလက (၁) အားကစားကွင်း၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ တက်ရောက်ကာ ဘောလုံး (၃၉၀၂) လုံးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပေးအပ်ပွဲ အခမ်းအနားများတွင် MFF “D” Certificate နည်းပြသင်တန်း တက်ရောက်ထားသည့် ကာယပညာ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူ အားကစားသမားများကို FIFA Football for Schools သင်ခန်းစာများအတိုင်း ကွင်းအတွင်း လက်တွေ့ သရုပ်ပြ သင်ကြားပေးခဲ့ကြကြောင်းလည်း သိရသည်။
