မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ဆင်ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈ ရက်တွင် လယ်ယာမြေ(၄၅၂)ဧကကို စိုက်ပျိုးရေပြန်လည်ပေးဝေခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်ေ-သရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်ခဲ့၍ စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်လည်ပြင်ဆင်မှုများအား နေ့/ညမပျက်ဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၁၇ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး(၂၂၇၉)ဧကကို ရာနှုန်းပြည့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီ ၂၁ ရက်တွင် လက်ဝဲတူးမြောင်းမကြီးမှလည်း ရေတင်စက်(၂)စုံဖြင့်ရေကူပေးဝေနိုင်ခဲ့ပြီးနောက် မေ ၂ ရက်တွင် လက်ဝဲတူးမြောင်းမကြီးသို့ စိုက်ပျိုးရေတိုက်ရိုက်ဖြည့်သွင်းပေးနိုင်ခဲ့ကာ မေ ၁၃ ရက်တွင် လက်ဝဲတူးမြောင်းမကြီးရှိ စိုက်ပျိုးပြီး(၆၆၅၅)ဧကကို အပြည့်အဝရေပေးဝေနိုင်ခဲ့သည်။
ထို့ပြင် မေ ၁၅ ရက်တွင်လည်း ဆင်ေ-သရေလွှဲဆည် ရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး(၈၉၃၄)ဧကကို အပြည့်အဝ ရေပေးဝေထားပြီးဖြစ်ကာ ဆက်လက်၍ စပါးရိတ်သိမ်းပြီးချိန်အထိ လိုအပ်သော စိုက်ပျိုးရေအပြည့်အဝပေးဝေရေးကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။